တိုက်ပွဲသတင်း

စစ်ရေးတင်းမာနေတဲ့ လမြန်ရွာမှာ စစ်တပ်ကလေကြောင်းနဲ့ပစ်ခတ်တိုက်ခိုက်

ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်၊လမြန်ကျေးရွာမှာ စစ်ကောင်စီပူးပေါင်းတပ်နဲ့ KIA ပူးပေါင်းတပ်အကြား စစ်ရေးတင်းမာနေပြီး စစ်တပ်က ဂျက်ဖိုက်တာတစ်စီးနဲ့ နှစ်ကြိမ်ပစ်ခတ်တိုက်ခိုက်သွားတယ်လို့ ဒေသခံတွေပြောပါတယ်။

ဇွန်လ ၁၁ ရက်နေ့ မနက် ၉ နာရီဝန်းကျင်မှာတစ်ကြိမ်၊ ညနေ ၄ နာရီဝန်းကျင်မှာ တစ်ကြိမ်ပစ်ခတ်သွားတာလို့ ဝိုင်းမော်ဒေသခံအမျိုးသမီးတစ်ဦး KNG ကိုပြောပါတယ်။

မနေ့ နှစ်ကြိမ်လာပစ်သွားတယ် ဝဲတာတော့တစ်နေကုန်လာဝဲနေတာ ဂျက်ဖိုက်တာတစ်စီးပဲဟုတ်တယ်။ ဘယ်နေရာပစ်သွားလဲဆိုတာတော့ တိတိကျကျမသိရသေးဘူးလို့ ပြောပါတယ်။

ဝိုင်းမော်မြို့ကနေ ဆိုင်ကယ်နဲ့နာရီဝက်ခန့်သွားရတဲ့ လမြန်ရွာဟာ၊စစ်တပ်လက်အောက်ခံ ပြည်သူ့စစ်တပ်စခန်းတည်ရှိတဲ့ ဝူယန်ကျေးရွာအထက်မှာရှိပြီးနှစ်ဖက်တပ်အကြား စစ်ရေးတင်းမာနေတာ ဒီနှစ် နှစ်ဆန်းကတည်းကဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဧပြီလကုန်ပိုင်းအထိ ဝူယန်ကျေးရွာမှာ ဝိုင်းမော်မြို့ကနေ ဝူယန်ကျေးရွာအထိ ပြည်သူ့စစ်တပ်ကထိန်းချုပ်ထားပြီး လမြန်ရွာကနေ တရုတ်နယ်စပ်မြိုတွေဖြစ်တဲ့ ကံပိုက်တည်၊ချီဖွေ၊ပန်ဝါအထိ လမ်းတစ်လျှောက်လုံး ကချင်လွတ်လပ်ရေးတပ်မတော် KIA ပူးပေါင်းတပ်ကထိန်းချုပ်ထားပါတယ်။

ဒါ့အပြင် ဝူယန်ရွာနဲ့လမြန်ရွာဟာ ရွာချင်းဆက်တည်ရှိပြီး စစ်ရေးတင်းမာချိန်တစ်လျှောက်လုံး အပြန်လှန်ပစ်ခတ်တိုက်ခိုက်တာတွေ မကြာခန်ရှိပေမယ့် မေလဆန်းပိုင်းကစပြီး စစ်ကောင်စီတပ်နဲ့ပြည်သူ့စစ်ပူးပေါင်းတပ်က စစ်အင်အားတိုးချဲ့ပြီး စစ်ရေးပြင်ဆင်မှု သိသိသာသာလုပ်လာပြီး လက်နက်ကြီး၊ဒရုန်း၊တင့်ကားတွေနဲ့ပစ်ခတ်တိုက်ခိုက်လာတာကြောင့် KIA ပူးပေါင်းတပ်က လမြန်ရွာတစ်ဝက်ခန့်အထိ တပ်ပြန်ဆုတ်ထားကြတယ်လို့ လမြန်ကျေးရွာဒေသခံအမျိုးသားတစ်ဦး ခုလိုပြောပါတယ်။

အစ KIA ဘက် လမြန်ရွာထိပ်မှာနေရာယူထားတာဟုတ်တယ်။ခုနောက်ပိုင်း လက်နက်ကြီးပစ်တာရော တိုက်ပွဲကမကြာမကြာဖြစ်နေတော့ ဘယ်လိုဖြစ်သွားလဲမသိဘူး။ အဲပြည်သူ့စစ်နဲ့စစ်သားတွေက လမြန်လော်ဝေါ်နှစ်ခြင်းဘုရားကျောင်းဝင်းမှာ ရောက်လာကြပြီလို့သိရတယ်။ အဲဒီဘုရားကျောင်း ခေါင်းလောင်းစင်ရှိတယ်။အဲမှာ စနိုက်ဘာထောင်ပြီး ဒီဘက်ကိုလှမ်းလှမ်းပစ်နေတာလို့သိရပါတယ်လို့ ပြောပါတယ်။

ဒေသခံတွေပြောချက်အရ စစ်ကောင်စီတပ်တွေဟာ ဝိုင်းမော်ဆဒုံးချီဖွေသွားလမ်းမကြီးရှိ ဝူယန်ပြည်သူ့စစ်စခန်းမှာ အင်အား ၅၀၀ ခန့်ဖြည့်တင်းထားသလို၊တင့်ကား ၂စီးလည်းပို့ထားတယ်လို့ သိရပါတယ်။

အလားတူ ဝိုင်းမော်မြို့နယ်၊မိုင်းနားကျေးရွာမရောက်ခင် ဗလမင်းထင်တံတားအနီး ဆုတောင်းတောင်နဲ့ မှန်ပြတောင်မှာလည်း အင်အားတစ်ထောင်ခန့်နဲ့ဖြည့်ထားတယ်လို့ သိရပါတယ်။

လတ်တလောစစ်တပ်အင်အားဖြည့်ထားတဲ့နေရာဟာ KIA ပူးပေါင်းတပ်သိမ်းပိုက်ထားတဲ့ ဝါးရှောင်ကျေးရွာအပါအဝင် ပန်ဝါ၊ချီဖွေ၊ဆဒုံး၊ကန်ပိုက်တည်ဘက်သွားလို့ရတဲ့ လမ်းကြောင်းမှာရှိတယ်လို့လည်း ဝိုင်းမော်ဒေသခံအမျိုးသားတစ်ဦး ခုလိုသုံးသပ်ပါတယ်။

အဲဒီမှန်ပြတောင်ကနေဆို ဝါရှောင်ဘက်ထွက်လာလို့ရတဲ့လမ်းကြောင်းတွေရှိတယ် နောင်ချိန်းဘက်ကနေလာလို့ရသလို ၊သူကဖြတ်လမ်းတွေလည်း ၃ လမ်းလောက်ရှိတာဟုတ်တယ်။အခြေနေတော့ ဒီဘက်စစ်ရေးလှုပ်ရှားဖို့ပြင်ဆင်ပြနေတာလည်း ခန့်မှန်းရခက်ပါတယ်လို့ပြောပါတယ်။

မြစ်ကြီးနားမြို့ရဲ့ ဧရာဝတီမြစ်အရှေ့ဘက်မှာရှိတဲ့ ဝိုင်းမော်မြို့နယ်ဟာ ကျေးရွာပေါင်း ၂၀၀ ကျော်နဲ့ဖွဲ့စည်းထားပြီး ၂၀၂၄ ခုနှစ် မတ်လ ၇ ရက်နေ့ KIA ပူးပေါင်းတပ်ရဲ့စစ်ရေးစတင်လာချိန်ကစလို့ ဝိုင်းမော်မြို့ကနေလိုင်ဇာဗန်းမော်သွားလမ်းမပေါ်ရှိ ဝိုင်းမော်မြို့အထွက် အင်းလေးရွာမရောက်ခင် ခတ်ချိုလမ်းခွဲ စစ်တပ်ထိန်းချုပ်ထားပြီး အင်းလေးရွာကနေ ဗန်းမော်မြို့လမ်းမတစ်လျှောက်အားလုံး KIA ပူးပေါင်းတပ်ထိန်းချုပ်ထားပါတယ်။

ဒါ့အပြင် မြစ်ကမ်းတစ်လျှောက်ရှိ ခတ်ချိုကျေးရွာကနေ စန်းကားကျေးရွာအထိ စစ်တပ်ကထိန်းချုပ်ထားပြီး ကျန်တဲ့နေရာအားလုံး KIA ထိန်းချုပ်ထားပါတယ်။

အလားတူပဲ ဝိုင်းမော်ကနေ လမြန်ရွာတစ်ဝက်အထိ စစ်တပ်ကထိန်းချုပ်ထားပြီး လမြန်ကနေ တရုတ်နယ်စပ် ဆဒုံးချီဖွေသွားလမ်းအားလုံး KIA ထိန်းချုပ်ထားပါတယ်။

နယ်မြေအားဖြင့် ဝိုင်းမော်မြို့နယ်တွင်းရှိဧရိယာအများပိုင်း KIA ပူးပေါင်းတပ်ထိန်းချုပ်ထားနိုင်ပြီလို့ဆိုလို့ရပေမယ့် မြို့စောင့်တပ်ဖြစ်တဲ့ ခလရ (၅၈)တပ်နဲ့ ဝူယန်ပြည်သူ့စစ်တပ်က အခိုင်မာကျန်ရှိနေဆဲဖြစ်ပြီး မေလကစလို့ စစ်ရေးပြင်ဆင်မှုသိသိသာသာလုပ်ဆောင်နေတာလည်းဖြစ်ပါတယ်။

By – Zami

Show More

Related Articles

Back to top button
OSZAR »