သတင်း

မြစ်ကြီးနား – မန္တလေးကွင်းလမ်းပျက်စီးနေလို့ ကချင်မှာ စားသောက်ကုန်တစ်ချို့ပြတ်လပ်

မန္တလေးမြစ်ကြီးနားကားလမ်းပိုင်းဆိုးဆိုးဝါးဝါးပျက်စီးပြီး ကုန်ကားတွေပိတ်မိနေတာကြောင့် ကချင်မှာစားသောက် ကုန်တစ်ချို့ပြတ်လပ်နေတယ်လို့သိရပါတယ်။

မန္တလေးမြစ်ကြီးနားဗျူဟာ ကားလမ်းမကြီးကို စစ်ကောင်စီတပ်က ကန့်ဘလူမြို့နယ် ပေကြီး၊ဇီးကုန်းနဲ့စပယ်နံ့သာကျေးရွာတစ်လျှောက်မှာ ပိတ်ထားတာကြောင့် ကုန်ကားနဲ့ခရီးသည်ကားအားလုံးကွင်းလမ်းလို့ခေါ်တဲ့ (မိုင် ၄၀ )လမ်းကို အသုံးပြုသွားလာနေရပြီး လက်ရှိ အဲဒီလမ်းပိုင်းလည်း ဆိုးဆိုးဝါးဝါးပျက်စီးနေတယ်လို့သိရပါတယ်။

ကွင်းလမ်းမှာကားတက်မရလို့လို့ပြောတာပဲ မြစ်ကြီးနားလည်းအတူတူပဲစျေးထဲမှာ အောက်ပိုင်းငါးတို့ မရဘူး။နောက်ပြီးတော့ အခုခရမ်းချဥ်သီးတောင်ရှားလာလို့တဲ့စျေးတွေတက်နေတာဘယ်တော့လမ်းကောင်းမလဲတော့မသိဘူးလို့ မြစ်ကြီးနားမြို့ ရမ်ပူရပ်ကွက်နေအမျိုးသားတစ်ဦးက ပြောပါတယ်။

ကုန်ကားတွေအဝင်ရပ်တန့်နေတာကြောင့် လက်ရှိမြစ်ကြီးနားမြို့ပေါ်မှာ မန္တလေးဘက်ကလာ အသားစိမ်း၊ငါးစိမ်းနဲ့ခရမ်းချဥ်သီးတွေ ပြတ်နေသလို ပူတာအိုမြို့ဘက်မှာလည်း ဥတုန်း၊CPကြက်၊အောက်ပိုင်းငါးတွေဝယ်မရဖြစ်နေသလို ခရမ်းချဥ်သီး၊ ကြက်သွန်နီ/ဖြူ စတဲ့အခြေ ခံစားသောက်ကုန်တွေပြတ်နေပြီးကုန် အဆမတန်စျေးတက်တာတွေရှိနေတယ်လို့သိရပါတယ်။

ကချင်ပြည်နယ်ဘက်ကိုတက်မယ့် ကုန်ကားကြီးတွေဟာ ကန့်ဘလူနယ်ထဲက ကွင်းလမ်းမှာ ပြီးခဲ့တဲ့ ဇွန်လ ၉ ရက်နေ့ကတည်းက စတင်ပိတ်မိနေတာလို့သိရပါတယ်။

အခုလိုကုန်ကားကြီးတွေပိတ်မိနေတာကြောင့် ကချင်ပြည်နယ်ထဲက မြစ်ကြီးနားမြို့အပါအဝင် မြစ်ကြီးနားက‌နေ တစ်ဆင့်တင်ပို့ရတဲ့ ပူတာအိုမြို့နယ်တွေမှာလည်း အခြေခံစားသောက်ကုန်အများစုပြတ်လပ်နေပြီးကုန်စျေးမြင့်တက်တာတွေရှိနေတယ်လို့သိရပါတယ်။

စားသောက်ကုန်မဝင်တာ တစ်ပတ်နီးနီးရှိပြီ ဥတုန်းကြက်လည်း ကုန်နေတယ်။ CPကြက်လည်းကုန်နေတယ်။ ငါးလည်းဒေသငါးပဲရှိတယ် အောက်ပိုင်းငါးက မန္တလေးကနေအဝင်ကိုမရှိသေးတာလို့ ပူတာအိုမြို့ခံ စျေးသည်အမျိုးသမီးတစ်ဦးကပြောပါတယ်။

လက်ရှိအသုံးပြုနေတဲ့ကွင်းလမ်းဟာ မိုင်းပေါင်း ၄၀ ကျော်ဝေးပြီး မြေသားလမ်းဖြစ်တဲ့အတွက် မိုးရွာသီဆို လမ်းပိုင်းပျက်စီးတဲ့အတွက် မန္တလေးမြစ်ကြီးနားတစ်‌ခေါက်လျှင် ကြာချိန်တစ်ပတ်ခန့်ရှိတယ်လို့သိရပါတယ်။

စစ်ကောင်စီတပ်နဲ့ပျူစောထီးပူးပေါင်းတပ်တွေ ကန့်ဘလူမြို့နယ်ထဲက မြစ်ကြီနားမန္တလေးဗျူဟာကားလမ်းပိုင်းမှာ ယခုနှစ်ဖေဖော်ဝါရီလကတည်းက ခြေကုပ်တပ်စွဲထားပြီး မတ်လကနေ ယင်းကားလမ်းပိုင်းကိုပိတ်ထားတာဖြစ်ပါတယ်။

လက်ရှိအသုံးပြုနေတဲ့ကွင်းလမ်းတလျှောက်ကိုတော့ ကာကွယ်ရေးတပ်တွေဘက်က ထိန်းချုပ်ထားတယ်လို့လည်းသိရပါတယ်။

စစ်ကောင်စီတပ်ဟာ မန္တလေးမြစ်ကြီးနားကားလမ်းပိုင်းကို ၂၀၂၄ ခုနှစ် သြဂုတ်လကစပြီး အင်းတော်မြို့မသိမ်းခင် ၂၀၂၅ ဧပြီလအထိ အင်းတော်မြို့ထဲကနေပိတ်ထားခဲ့ပါတယ်။

အင်းတော်မြို့ကနေ မန္တလေး မြစ်ကြီးနားကားလမ်းပိတ်ထားချိန်ကုန်ကားနဲ့ခရီးသည်ကားတွေဟာ အင်းတော်မြို့ရှောင်လမ်း ကွင်းလမ်းကိုအသုံးပြုသွားလာခဲ့ရပြီး ကချင်ပြည်နယ်ဘက် ကုန်စျေးတက်တာ၊ မကြာခန ကုန်စည်ပြတ်လပ်တာတွေလည်းကြုံတွေ့ခဲ့ရပါတယ်။

လက်ရှိမှာတော့ အင်းတော်မြို့ကိုတော်လှန်ရေးတပ်ပေါင်းစုတွေက ဧပြီလ ၇ရက်နေ့မှာအပြီးသတ်သိမ်ပိုက်ခဲ့ပြီး ပိတ်ထားတဲ့ဗျူဟာကားလမ်းပိုင်းကိုဖွင့်ပေးခဲ့ပေမယ့် ကန့်ဘလူနယ်ကနေစစ်တပ်ကပြန်ပိတ်ထားတာဖြစ်ပါတယ်

By – Zaw Zaw

Show More

Related Articles

Back to top button
OSZAR »