ဖားကန့်မှာ အမျိုးသားတစ်ဦးသေနတ်ဒဏ်ရာ နဲ့ ထပ်မံသေဆုံးနေ

ဖားကန့်မြို့နယ် လုံးခင်းကျေးရွာအုပ်စု မှော်ဆီစာကျေးရွာအရှေ့မုဒ်ဝမှာ အမျိုးသားတစ်ဦးသေနတ်ဒဏ်ရာနဲ့သေဆုံးနေတယ်လို့ ဖားကန့်ပြည်သူတွေကပြောပါတယ်။
ဇွန်လ ၂၀ ရက် နေ့လည် ၁ နာရီဝန်းကျင်မှာ သေနတ်ဒဏ်ရာနဲ့သေဆုံးနေတဲ့ အလောင်းကို ပြည်သူတစ်ချို့ တွေ့ရှိခဲ့ကြတာဖြစ်တယ်လို့ လုံးခင်းရပ်ကွက်နေ အမျိုးသားတစ်ဦး KNG ကိုပြောပါတယ်။
“အလောင်းက နေ့လည် ၁ နာရီလောက်မှာတွေ့ကြတာ မိုးကာတဲနားမှာ ပစ်သတ်ခံထားရတာဟုတ်တယ်။ဘယ်သူလဲဆိုတော့ မသိရသေးဘူးဗျ”လို့ ပြောပါတယ်။
သေနတ်နဲ့ပစ်သတ်ခံထားရသူဟာ မည်သူမည်ဝါဖြစ်တယ်ဆိုတာမသိရတဲ့အပြင် ဒီဖြစ်စဉ်ကိုလည်း မည်သည့်အဖွဲ့စည်းကျူးလွန်းနေတယ်ဆိုတာကိုလည်းတိတိကျကျပြောဖို့ခက်ပေမယ့် အများပိုင်းတော့ စစ်ကောင်စီတပ်ကဖြစ်နိုင်တယ်လို့သုံးသပ်နေကြပါတယ်။
“ခုပြောနေကြတာတော့ စစ်ကောင်စီတပ်တွေဖြစ်နိုင်တယ်လို့ပြောနေကြတယ်။ဘာလို့လဲဆိုရင် ဒီမှော်စီဇာဘုန်းကြီးကျောင်းမှာက စစ်တပ်ကတပ်စွဲထားတာ။အဲနားတစ်ဝိုက် တွေ့တဲ့သူ သူတို့မသင်္ကာတဲ့သူဆို ပစ်သတ်ကြတာပဲ”လို့ လုံးခင်းကျေးရွာဒေသခံ နောက်ထပ်အမျိုးသားတစ်ဦးက ဆိုပါတယ်။
မှော်စီဇာဘုန်းကြီးကျောင်းကုန်းမှာ စစ်ကောင်စီတပ်က ဇွန်လဆန်းပိုင်းကနေ ဝင်ရောက်တပ်စွဲနေထိုင်ပြီး မှော်လှည့်စစ်ကြောင်းထိုးကာ အရပ်သားတွေကို လူသားဒိုင်းအဖြစ်ဖမ်းဆီးတာတွေကြောင့် မှော်စီဇာဒေသခံတွေက ဘေးလွတ်ရာတိမ်းရှောင်ခဲ့ကြပြီဖြစ်ပါတယ်။
ဒါပေမယ့် ရှောင်စရာနေရာမရှိတဲ့သူတွေ၊ တစ်ချို့အိမ်စောင့်အဖြစ်ကျန်နေသေးသူတွေရှိသလို မူးယစ်ဆေးသုံးစွဲသူတစ်ချို့လည်း ရွာထဲကျန်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
ဒါ့အပြင် ဇွန်လ ၁၇ ရက်နေ့မှာ မှော်စီဇာဘုန်းကြီးကျောင်းကုန်းတပ်စွဲနေတဲ့စစ်ကောင်စီတပ်ဖွဲ့ကိုKIA ပူးပေါင်းတပ်က သွားရောက်ပစ်ခတ်တိုက်ခိုက်လို့ စစ်တပ်ဘက်က စစ်ကြောင်းမှူးအပါအဝင် အင်အား ၂၀ ခန့်သေဆုံးသွားတယ်လို့သတင်းတွေထွက်ပေါ်ခဲ့တာပါ။
ဖားကန့်ဒေသမှာ မေလ ၂၈ ရက်နေ့ စစ်ကောင်စီတပ် စစ်ကြောင်းဝင်ရောက်လာကတည်းကစလို့ ဒီနေ့အထိ အရပ်သားထိခိုက်ဒဏ်ရာရရှိသူ နဲ့ သေဆုံးသူ စုစုပေါင်း ၁၀၀ ဝန်းကျင်အထိ ရှိလာတယ်လို့ ဖားကန့်ပြည်သူတွေ ပြောပါတယ်။
သေဆုံးမှုထဲမှာ ပထမ မေလ ၂၈ ရက်နေ့ စစ်ကောင်စီတပ် စစ်ကြောင်းတွေ ဖားကန့်မြို့အဝင် ယမ်းချက်စက်ရုံကနေ လုံးခင်းကျေးရွာထဲကို ဝင်ရောက်လာတဲ့အချိန် အရပ်သားတွေကို ဖမ်းဆီးပြီး လူသားဒိုင်းပြုလုပ်ခဲ့ပြီး သေဆုံးသွားတဲ့ သူတွေ၊ လုံးခင်းကျေးရွာကနေ မှော်ဆီစာ၊ မဇွပ်ယန် ၊ ကုဋေမှော် ကျေးရွာတွေမှာ စစ်ရေးလှုပ်ရှားပြီး လုပ်ငန်းရှင်တွေရဲ့ သိုလှောင်ထားတဲ့ ယမ်ဂိုဒေါင် ၃ နေရာကို ပစ်ခတ်ဖောက်ခွဲ ခဲ့တဲ့ဖြစ်စဉ်မှာ ပြည်သူတွေ ၉ ဦးထက်မနည်း အစုလိုက် အပြုံလိုက် သေဆုံးမှုရှိခဲ့တာဖြစ်ပါတယ်။
ဒါ့အပြင် စစ်ကောင်စီတပ်တွေက မှော်စီဆာ၊ မဇွပ်ယန်၊ ကုဋေမှော် စတဲ့ ကျေးရွာတွေမှာ တစ်ရွာပြီး တစ်ရွာ ဝင်ရောက်ပြီး လုပ်ငန်းရှင်တွေရဲ့ ကျောက်စိမ်းတူးဖော်တဲ့ ဘက်ဟို၊ မြေသယ်ယဉ် နဲ့ တဲအဆောက်အဦးတွေကို တစ်ပတ်ကြာ လိုက်လံမီးရှို့ဖျက်ဆီးတာတွေ လုပ်ဆောင်ခဲ့ပြီး စစ်ကြောင်းရောက်ရှိသွားတဲ့ နေရာတွေမှာ ပိုင်ရှင်မပေါ်ဘဲ သေနတ်ဒဏ်ရာနဲ့သေဆုံးနေတဲ့ ရုပ်အလောင်းတွေ ဆက်တိုက်မြင်တွေ့နေရတာလည်းဖြစ်ပါတယ်။
By – CJ(ဖားကန့်)