သတင်း

လုံးခင်းအုပ်စုက ရေမြောင်းတွေရှင်းလင်းဖို့ ဒေသခံတစ်ချို့အကြံပြု

ကချင်ပြည်နယ် ဖားကန့်မြို့နယ် လုံးခင်းအုပ်စုက ရပ်ကွက်တစ်ချို့ကရေမြောင်းတွေပိတ်ဆို့နေတာကြောင့် မိုးမများပေမဲ့ ရေဝင်ရောက်မှုတွေရှိနေတဲ့အတွက် ရေမြောင်းတွေရှင်းလင်းဖို့ဒေသခံတစ်ချို့ကအကြံပြုလိုက်ပါတယ်။

လက်ရှိရေမြောင်းပိတ်ဆို့တာတွေကြောင့် လုံးခင်းအုပ်စု ရပ်ကွက် ၃ နဲ့ ရပ်ကွက် ၅ နေရာတစ်ချို့မှာ ရေတွေဝင်ရောက်နေပြီး ဒေသခံဈေးသည်တွေရွှေ့ပြောင်းနေကြရပါတယ်။

လုံးခင်းရေကြီးတာက မြေအနိမ့်အမြင့်တွေကို စနစ်တကျရေမြောင်းလုပ်တာမရှိတာရယ်။ ရွာခံလူထုကလည်းအမှိုက် စနစ်တကျမပစ်တာရယ်။ လူကြီးတွေကလည်း အလုပ်လုပ်တာအားနည်းတာ။ မိုးတွင်းဆို ရေမြောင်းတွေဆယ်ရမှာ ဟုတ်တယ်။ အဲ့တာတွေကိုဖော်ဆောင်ဖို့အားနည်းတော့ ဒီပြဿနာကြုံရတာပေါ့လို့ဒေသခံတစ်ဦးကပြောပါတယ်။

ဒါ့ကြောင့် နှစ်စဥ်မိုးတွင်းမရောက်ခင်ကာလတွေမှာ ဒေသခံတွေနဲ့ရပ်ရွာလူကြီးတွေပူးပေါင်းပြီး ရှင်းလင်းရေးလုပ်ကြဖို့ ဒေသခံတစ်ချို့ကအကြုံပြုပါတယ်။

တစ်ဖက်မှာ ဖားကန့်မြို့မှာ မိုးရွာသွန်းတာသုံးရက်ဆက်တိုက်ရှိလာလို့ ဖားကန့်မြို့မြေနိမ့်ပိုင်းရပ်ကွက်တွေ ရေသတင်း သတိပြု နားစွင့်နေထိုင်ကြဖို့ လူမှုကူညီရေးအသင်းတွေကတိုက်တွန်းထားပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၂၁ ရက်နေ့ကစလို့ ဖားကန့်မြို့နယ်အတွင်း မိုးစတင်ရွာသွန်းနေတာဒီနေ့အထိဖြစ်ပြီး ဥရုချောင်းရေ မြင့်တက် လာနိုင်တဲ့အခြေနေရှိတာကြောင့် နှစ်စဥ်ရေကြီးနေကြရပ်ကွက်တွေ အဓိကဂရုစိုက်ကြဖို့ လူမှုကူညီရေးအသင်းအဖွဲ့ဝင် တစ်ချို့ကပြောပါတယ်။

မိုးရွာတာသုံးရက်လောက်ရှိပြီ မိုးမတိတ်ဘူးပေါ့နော်။ ဒီနေ့လည်းတော်တော်ရွာတယ် ရေပါတယ်ပေါ့။ ရွာလိုက်ရေက ပြန်ကျသွားလိုက်နဲ့ ဒီနေ့တော့ရေပြန်တိုးတဲ့သဘောရှိတယ်။ မနှစ်ကလောက်တော့လောလောဆယ်ရေကြီးဖို့မမြင်သေး ပါဘူး။ ဒါပေမဲ့လည်းရေကြီးရင်ဆုံးရှုံးမှုတစ်ခုဖြစ်တော့ကြိုတင်သတိထားတာပိုကောင်းတာပေါ့လို့လူမှုကူညီရေးအသင်းအဖွဲ့ဝင်တစ်ဦးကပြောပါတယ်။

အထူးသဖြင့်တော့ မြေနိမ့်ပိုင်းရပ်ကွက်၊ ရေဝင်နေကျရပ်ကွက်တွေဖြစ်တဲ့ မြို့မ၊ ငှက်ပျောတော ရပ်ကွက်အနီးတစ်ဝှိုက်တွေ သတိပြုကြဖို့လိုတယ်လို့ ဆိုပါတယ်။

ဖားကန့်မြို့မှာ ပြီးခဲ့တဲ့ ၂၀၂၄ ဇူလိုင်လအစ ဒီလိုကာလမှာပဲ မိုးကြီးလို့ဥရုချောင်းရေလျှံပြီး လူဦးရေ ၂၅၀၀ ကျော်ရေဘေးသင့် ခဲ့သလို နေအိမ်တစ်ချို့ရေထဲမျှောပါပျက်စီးခဲ့ရပြီး လူသေဆုံးမှုအထိပါဖြစ်ခဲ့ပါသေးတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ မေလ ၂၃ ရက်နေ့ကနေ ဇွန်လ ၂ ရက်နေ့အထိ ကချင်ပြည်နယ်အထက် ချီဖွေ၊ ပူတာအို၊ နောင်မွန်၊ ခေါင်လန်ဖူး၊ လန်ဆယ်၊ ဆဒုံး၊ကံပိုက်တည်နဲ့ ဝိုင်းမော်၊ မြစ်ကြီးနားစတဲ့မြို့နယ်တွေမှာ မိုးသည်းထန်စွာရွာ သွန်းခဲ့တာ ကြောင့် ရေကြီးရေလျှံမှုဖြစ်ခဲ့ပါတယ်။

အဲ့ဒီရေကြီးမှုမှာတော့ နေအိမ်၊တံတားတွေအပါအဝင် စစ်ရှောင်စခန်းအများစု ရေထဲမျောပါသွားခဲ့ရပြီး လူဦးရေထောင်နဲ့ချီ ရေဘေးသင့်ခဲ့သလို ၆ ဦးသေဆုံးခဲ့ရပါတယ်။

By – အမိုး

Show More

Related Articles

Back to top button
OSZAR »